ကျွန်တော့်မှာ ဘုရားမရှိဘူး




 ဇာတ်လမ်းက ကျွန်တော်မောင်းတဲ့တက္ကစီကို မြန်မာစကားပြောတတ်တဲ့ နိုင်ငံခြားသားတစ်ယောက် ငှားစီးရာကစတယ်။ သူကမေးတယ်။

- "မင်း ကားပေါ်မှာ ဘုရားမရှိဘူးလား"
- " ဟုတ် ကျွန်တော့်ကားပေါ်မှာ ဘုရားမထားပါဘူး... "
- " ဘာလို့ လဲ"
အင်း ခင်ဗျား နားလည်းအောင်ပြောရရင်တော့ ...
ရှိခိုး(ရှစ်ခိုး) တယ်ဆိုတာ ဘာလုပ်တာလဲသိလား
ရှိ + ခိုး
သူ့မှာရှိတဲ့အရာတွေကို အတုခိုးပြီး လိုက်လုပ်ပါ့မယ်လို့ အဓိပ္ပါယ်ရတယ်။
ကျွန်တော် မှ အဲ့လိုမလုပ်နိုင်တာ...။ အဲ့တာကြောင့် ဘုရားမရှိခိုးဘူး။ ဘုရားကို မကိုးကွယ်ဘူး။ ဟုတ်တယ်လေ...။ ဘုရားဟောတဲ့အထဲမှာ ဗုဒ္ဓဘာသာဝင်တိုင်း လိုက်နာကျင့်သုံးရမယ့် အခြေခံကျင့်ဝတ်ငါးခုရှိတယ်။
- သူတစ်ပါး အသက်မသတ်ရဘူး။
- သူတစ်ပါးကို မလိမ်ရဘူး။
- သူတစ်ပါး သားမယား မပြစ်မှားရဘူး။
- သူတစ်ပါး ပစ္စည်း မခိုးရဘူး။
- အရက်သေစာမသောက်စားရဘူး။
ကျွန်တော် အဲ့တာတွေတစ်ခုမှ မလိုက်နာနိုင်သေးဘူး။
ခြင်ကိုက်ရင် ရိုက်ထည့်လိုက်တာပဲ၊ ဂျပိုးကိုက်ရင် လက်ညှိးလေးနဲ့ ဖိလိုက်တာပဲ။ ရည်ရွယ်ချက်ရှိရှိ လိမ်ခဲ့တာတွေရှိတယ်၊ ကိုယ့်ကို ညိုညင်မှာစိုးလို့ စကားကိုလွှဲပြောလိုက်တာတွေရှိတယ်။ ကားမောင်းနေတုန်း မီးပွိုင့်လေးများမိရင် မျက်လုံးကအငြိမ်နေတာမဟုတ်ဘူး။ မျက်လုံးတင်လားဆိုတော့ စိတ်ကပါ ပါလိုက်သေးတယ်။ "ဟာ ဟိုဆော်ကြီးကိတ်လိုက်တာ ကြိတ်လိုက်ရလို့ကတော့...." လုပ်နေတဲ့ကောင်။ သိတတ်တဲ့အရွယ်ရောက်ကတည်းက သူများပစ္စည်းကိုတော့ အလကားမလိုချင်ခဲ့ပါဘူး။ ဒါပေမယ့်လည်း သူများအိမ်သွားတုန်း အိမ်ရှင်ကို ခွင့်မတောင်းဘဲ ရေအိုးစင်ပေါ်က ရေကို ယူသောက်မိရင်တောင် ခိုးမှုမြောက်တယ်ဆိုတော့... သေချာတယ်၊ ကျွန်တော်လည်း သူများပစ္စည်းတွေ ခိုးခဲ့မိမှာပဲ။ ဒါပေမယ့် ကျွန်တော် ယူလိုက်တဲ့သူနဲ့ ပြန်ပေးလိုက်တဲ့သူ... မတူတာပဲ ရှိချင်ရှိမယ်။ သေချာတာကတော့ ကျွန်တော့်ဘဝထဲက ကျွန်တော်ပိုင်တာတွေအားလုံး အလကားရခဲ့တာ တစ်ခုမှမရှိဘူး။ အရက်ဘီယာကတော့ ကြုံသလိုကို ချတာ၊ စည်းမရှိကမ်းမရှိကို ကစ်တာ...။ လက်တည့်စမ်းရင်း အသီးချ၊ အရွက်ပါရှုိ့ခဲ့ဖူးတယ်။ တစ်ခုမှ မလွတ်ဘူး 😂
အဲတော့ ဒီအခြေခံလေးမှ မလိုက်နာနိုင်ဘဲ၊ ဘုရားစကားနားမထောင်နိုင်ဘဲ ဘုရားကို ရှိခိုးဦးချရမှာ ကျွန်တော်ရှက်တယ်။ ဘုရားဟောတဲ့တရားတွေကို လက်ခံတယ်။ ဘုရားကို လေးစားတယ်။ ဒါပေမယ့် မကိုးကွယ်ဘူး။ အဲ့လိုဆိုတိုင်း ဘုရားမသွားဘူးလားဆိုတော့... သွားတယ်။ အဲ့မှာက ငြိမ်းချမ်းတယ်။ တိတ်ဆိတ်တယ်။ ကျွန်တော်က လူရှုပ်သူရှုပ် ဆူဆူညံညံနေရတာ သိပ်မကြိုက်တော့ ဘုရားကျောင်းကန်နဲ့ ကျွန်တော်နဲ့ အဆင်ပြေတယ် 😁 ။ ဒါတောင် အခါကြီးရက်ကြီးဆို မသွားဘူး။ အဲ့လိုရက်တွေ ဘုရားသွားရင် အကုသိုလ် ပိုများလို့......။
ဒါပါပဲ.....

Comments

Archive