ဆယ်တန်းအောင်တာနဲ့ တက္ကသိုလ်ဆက်တက်ရမှာလား

   



မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်မှာ အသက် ငါးနှစ်ပြည့်တာနဲ့ သူငယ်တန်း စတက်လို့ရပါပြီ။ ပထမတန်း၊ ဒုတိယတန်း၊ တတိယတန်း အစရှိသဖြင့် ဒသမတန်း ( တက္ကသိုလ်၀င်တန်း ) အထိတက်ရပါတယ်။ ဒါက အခြေခံပညာရေးပါ။ အဆင့်မြင့်ပညာရေး (သို့) အသက်မွေးပညာရပ်တွေ သင်ကြားနိုင်ဖို့ တက္ကသိုလ်ကို လေးငါနှစ်ဆက်တက်ရပါတယ်။ ဟုတ်ပြီ။ ဒါဆိုရင် ဆယ်စုတစ်ခုကျော်လောက် သင်ကြားခဲ့ရတဲ့ ပညာတွေက ဘ၀အတွက် အထောက်အပံ့ဖြစ်စေရဲ့လား။ အနာဂတ်အတွက် အာမခံချက်ပေးနိုင်ရဲ့လား။ ကျောင်းပြီးအောင်ဆက်မတက်နိုင်တော့တဲ့သူတွေရဲ့အနာဂတ်ကကော ... ?
                 လူတစ်ယောက်ရှင်သန်ဖို့၊ ဘ၀လေးအေးချမ်းသာယာဖို့ အဓိကလိုအပ်ချက်က စား၀တ်နေရေးပြေလည်နေဖို့ပါ။ စား၀တ်နေရေးပြေလည်ဖို့ဆိုတာကလည်း ပိုက်ဆံ(သို့) ၀င်ငွေကောင်းတဲ့အလုပ်တစ်ခုရှိနေဖို့ လိုပါတယ်။ အလုပ်လုပ်ရင် အခက်အခဲဆိုတာရှိမှာပဲ ဆိုပေမယ့် ပင်ပင်ပန်းပန်းလုပ်ရတဲ့အလုပ်ထက်စာရင် အေးအေးဆေးဆေးလုပ်လို့ရတဲ့ အလုပ်ကိုလူတိုင်းလိုချင်ကြပါတယ်။ အဲဒီ့မှာ လူတိုင်းလိုလိုလက်ခံယုံကြည်ထားကြတာက ပညာတတ်ရင် အေးအေးဆေးဆေးပိုက်ဆံရှာလို့ရမယ်၊ ပညာမတတ်ရင် ပင်ပင်ပန်းပန်းလုပ်ကိုင်ရှာဖွေစားသောက်ရမယ် ဆိုတာပါပဲ။ ဟုတ်ပြီ... ဒါဆိုရင် ပညာဆိုတာဘာလဲ လို့ မေးစရာရှိလာပါပြီ။ အချက်အလက်နဲ့ ပုံသေနည်းတွေကို ဦးနှောက်ထဲရိုက်သွင်းပြီး စာရွက်ပေါ်ပြန်အန်ချခဲ့ရတာကို ပညာ လို့ခေါ်မှာလား။ အဲဒီလို ၁၅ နှစ် အနှစ် ၂၀ လောက် သင်ယူခဲ့ရတာတွေကကော လက်တွေ့ လုပ်ငန်းခွင်မှာ အသုံးချလို့ရရဲ့လား၊ အသုံးတည့်ရဲ့လား။
             တက္ကသိုလ်တစ်ခုခုကနေ ဘွဲ့ရလာတယ်ထားအုံး။ များသောအားဖြင့် သူတို့မှာ လုပ်ငန်းအတွေအကြုံ ပါမလာဘူး။ စာတွေအများကြီးသင်ချင် သင်ခဲ့ရမယ်။ ဒါပေမယ့် အဲ့ဒါတွေက လက်တွေ့မဟုတ်ဘူးလေ ...။ သင်ခဲ့ရတဲ့စာတွေက တကယ့်တကယ်လက်တွေလုပ်ငန်းခွင်ထဲမှာ ပြဿနာတွေကြုံတွေ့ရတဲ့အခါ အသုံးချလို့မရဘူး။ စာအုပ်ထဲမှာသင်ခဲ့ရတာနဲ့ လက်တွေ့နဲ့က ကွဲလွဲမှုတွေအများကြီးရှိနေတယ်။ ဒါဟာ စနစ်ရဲ့အမှားလား လူတွေရဲ့အမှားလား။ လူတွေရဲ့အမှားလားဆိုတာ သင်ပေးတဲ့ဆရာတွေကပဲ တတ်မြောက်အောင် မသင်ပေးနိုင်ဘူးလား။ ဆရာတွေရဲ့အဓိကပြဿနာက တစ်ယောက်ချင်းစီကို သေချာလိုက်ရှင်းပြနေဖို့အချိန်မရှိတာပဲ။ အဲဒီတော့ အများစုဖြစ်နိုင်တာတွေကို ရွေးချယ်ပြီးစာအုပ်ထုတ်တယ်။ အဲဒီစာအုပ်ထဲကစာကို အဲဒီ့အတန်းမှာပဲ တစ်နှစ်ပြီးတစ်နှစ်သင်နေရတယ်။ ကျောင်းသားတွေသာပြောင်းသွားတယ်။ သင်ခန်းစာတွေ သင်ကြားပုံတွေက အပြောင်းအလဲမရှိဘူး။ အချိန်ကရပ်မနေသလို ကမ္ဘာကြီးကလည်း လည်နေတာဗျ။ အဲဒီတော့ ကျောင်းကသင်ပေးတဲ့စာတွေက လက်တွေ့လောကကြီးကို အမှီမလိုက်နိုင်ဘူး။
               ဒါက ပြီးဆုံးအောင်တက်သွားနိုင်တဲ့သူတွေပဲရှိသေးတယ်။ အကြောင်းအမျိုးမျိုးကြောင့် ပြီးဆုံးအောင်ဆက်မတက်နိုင်ဘဲ တစ်ပိုင်းတစ်စနဲ့ ကျောင်းထွက်လိုက်ရတဲ့သူတွေရဲ့ ဘ၀ကကော ဘယ်လိုရှေ့ဆက်ရမလဲ။ ကျောင်းကောင်းကောင်းတက်နိုင်ရင် အလုပ်ကောင်းကောင်းရမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ မပြေလည်တဲ့ကြားက ချေးငှားပြီး ကျောင်းတက်ခဲ့ကြတယ်။ ကျောင်းလဲထွက်လိုက်ရော သူတို့ဘ၀မှာ အကြွေးကလွဲပြီး ဘာမှမကျန်ခဲ့ဘူး။ လုပ်ငန်းခွင်တွေမှာက ဘွဲ့မရတဲ့သူက ပညာမတတ်တဲ့သူနဲ့ ဘာမှမခြားဘူး။ အောက်ခြေကပဲ စ၀င်ရတယ်။ ဘွဲ့ရတဲ့သူလည်း အောက်ခြေကစ၀င်ရတာပဲဆိုပေမယ့် ရာထူးတိုးဖို့ လစာတိုးဖို့ဆိုတဲ့ နေရာမှာ ဘွဲ့မရရင် မလွယ်ကူပါဘူး။ အဲဒီ့အချိန်ရောက်ရင် အချိန်ကုန် လူပင်ပန်းခံသင်ခဲ့ရတာတွေက သုံးစားလို့မရတော့ပါဘူး။ ဘွဲ့ရတဲ့ထိသင်ရင်သင် မသင်ရင် အစထဲက မတက်နဲ့ ဆိုတဲ့သဘောြဖစ်နေပါတယ်။ တစ်၀က်တစ်ပြတ်နဲ့ ကျောင်းထွက်ခဲ့ရတဲ့သူတွေအတွက်နေရာက ထိပ်ဆုံးမှာ မရှိပါဘူး။
        ဒီလိုပြဿနာတွေ ဖြစ်နေရတာ လူတွေကြောင့်လား၊ စနစ်ကြောင့်လား လို့ မေးရင် စနစ်မှာလဲ အားနည်းချက်တွေရှိသလို လူတွေမှာလည်း အပြစ်ရှိလို့နေပါတယ်။ ဒီကျောင်းတက်လို့ ဒီစာကိုသာသင်ရတယ်။ ဘာအတွက်သင်ရမှန်းမသိဘူး၊ ဘယ်နေရာမှာ အသုံးချရမယ်ဆိုတာလည်း မသိကြဘူး။ ဆရာတွေမှာလည်း တစ်ယောက်ချင်းစီကို လိုက်ရှင်းပြပေးနေဖို့ အချိန်မရှိဘူး။
        တကယ်က ပညာဆိုတာကို အဓိပ္ပါယ်ဖွင့်လွဲနေကြတာပါ။ ပညာတတ်မှ အောင်မြင်မှုရမယ်ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် ပညာဆိုတာနဲ့ ဘွဲ့ကိုဆိုခြင်းမဟုတ်ပါဘူး။ ဘွဲ့မရဘဲနဲ့လည်း အောင်မြင်နေတဲ့သူတွေ အများကြီးပါပဲ

Comments

Archive