တစ်ပတ်ကို နာရီခြောက်ဆယ်လောက် အလုပ်လုပ်နေရရင် ...
လူတစ်ယောက်ဟာ တစ်ပတ်ကို နာရီခြောက်ဆယ်လောက် အလုပ်လုပ်နေရရင်တော့ သိပ်သဘာဝမကျဘူး။ အခုလုပ်နိုင်တယ်ထားအုံး ရေရှည်အတွက်တော့ မကောင်းလှဘူး။ ကုန်ဈေးနှုန်းမြင့်မားလို့ဝင်ငွေထွက်ငွေမျှအောင်ပဲဖြစ်ဖြစ်၊ ရည်မှန်းချက်တွေ မြန်မြန်ဖြစ်လာအောင်ပဲဖြစ်ဖြစ်၊ ဘာတွေဘယ်လိုပဲဖြစ်ဖြစ် တစ်နေ့တာရဲ့အချိန်တော်တော်များကို အလုပ်ထဲမှာပဲ ကုန်ဆုံးပစ်လိုက်ရတာများလာတဲ့အခါ ဘဝအဓိပ္ပါယ်ပျောက်ဆုံးသွားတတ်ပါတယ်။ ကျန်းမာရေးချို့တဲ့လာမယ်။ ပတ်ဝန်းကျင်နဲ့ အဆက်အသွယ်ပြတ်မယ်။ မိသားစုရှိရင်လည်း မိသားစုကို အချိန်မပေးနိုင်တော့ဘူး။ ငွေနောက်လိုက်ရင်း ဘဝနဲ့ဝေးသွားလိမ့်မယ်။
ဒါတွေဖြစ်မှာစိုးလို့ အလုပ်တွေလျှော့လုပ်လိုက်ရင်လည်း ဘဝရပ်တည်နိုင်ဖို့ကခက်ခဲသွားအုံးမယ်။ ရှင်သန်ခြင်းရဲ့အဓိပ္ပါယ်ပျောက်ဆုံးမသွားစေဖို့ -
၁။ ကောင်းကောင်းအနားယူပါ
အလုပ်ထဲမှာဈာန်ဝင်သွားတဲ့အခါ ထမင်းမေ့၊ ဟင်းမေ့ဖြစ်သွားတဲ့သူတွေရှိတယ်။ အဲလိုမဖြစ်ပါစေနဲ့။ အလုပ်ချိန်မှာ အလုပ်ကို ဂရုတစိုက်လုပ်၊ နားရမယ့်အချိန်ရောက်ရင်လည်း စိတ်လွတ်ကိုယ်လွတ်နားပါ။ နားလိုက်လို့ အလုပ်မပြီးမှာ မစိုးပါနဲ့။ ဒီတိုင်း ဆက်တိုက်လုပ်နေတာထက်စာရင် နားနားပြီးလုပ်တာက အလုပ်ပိုတွင်ပါတယ်။ အလုပ်တစ်ခုကို အချိန်အကြာကြီးအာရုံစိုက်လုပ်ပြီးတဲ့အခါ စိတ်လက်ပေါ့ပါးသွားအောင် ခဏတဖြုတ်အနားယူသင့်ပါတယ်။
၂။ ကိုယ်လက်လေ့ကျင့်ခန်းတစ်ခုခုနေ့စဉ်လုပ်ပေးပါ။
အလုပ်ကြောင့်ဖြစ်လာတဲ့ စိတ်ဖိစီးမှုတွေဟာ ကျန်းမာရေးကို အများကြီးထိခိုက်စေပါတယ်။ စိတ်ဖိစီးမှုကို ဖြေဖျောက်တဲ့နေရာမှာ ကိုယ်လက်လေ့ကျင့်ခန်းလုပ်ခြင်းက အထိရောက်ဆုံးပါပဲ။ ရက်ကွက်တစ်ပတ် ပတ်ပြေးတာဖြစ်ဖြစ်၊ စက်ဘီးစီးတာပဲဖြစ်ဖြစ်၊ အခြားသော ကိုယ်ကာယလေ့ကျင့်ခန်းတွေဖြစ်ဖြစ် အချိန်တစ်ခုပေးပြီးလုပ်ပေးပါ။
၃။ ရယ်မောပျော်ရွှင်ပါ
တစ်ပတ်ကိုနာရီခြောက်ဆယ်လောက် အလုပ်လုပ်နေရတဲ့သူတစ်ယောက်ရဲ့တစ်နေ့တာဆိုတာ မိုးလင်းတာနဲ့ အလုပ်သွား၊ အလုပ်ကပြန်ရောက်တာနဲ့ အိပ်၊ အိပ်ရာထတာနဲ့အလုပ်ပြန်သွား ဒီလိုနဲ့ပဲ သံသရာလည်နေတာပါ။( ကြာလာရင် အလုပ်ကိုညည်ငွေ့ပြီး ရူးပါ ရူးသွားနိုင်ပါတယ် :D ) အဲဒါကြောင့် စိတ်ပြေလက်ပျောက် ဘော်ဒါတွေနဲ့ အပြင်ထွက်လည်တာဖြစ်ဖြစ်၊ ရုပ်ရှင်သွားကြည့်တာဖြစ်ဖြစ် လုပ်ပေးပါ။ ဒါမှမဟုတ်လည်း ကိုယ်ဝါသနာပါတာလေးတစ်ခုခုလုပ်ပေးပါ။
၄။ ရေများများသောက်ပေးပါ
ရေသောက်ခြင်းက ခန္ဓာကိုယ်အတွက် ကောင်းရုံမက စိတ်ကိုပါ ကြည်လင်သန့်ရှင်းစေပါတယ်။ ဦးနှောက်အလုပ်လုပ်နိုင်စွမ်းတွေ တိုးတက်ကောင်းဖွန်ဖို့အတွက်လည်း ရေဓာတ်က အထောက်အပံ့ပေးပါတယ်။ အာရုံစူးစိုက်နိုင်စွမ်းလျော့ကျတဲ့အချိန်တွေမှာ ရေသောက်ခြင်းအားဖြင့် ပြန်လည်ကောင်းမွန်လာစေပါတယ်။ ရေသောက်ရတာမကြိုက်ရင်လည်း ပန်းသီး၊ လိမ္မော်သီး၊ သံပယိုသီးတို့လို အသီးတွေကို အစိတ်လေးစိတ်ပြီး ရေဗူးထဲထည့်ထားလိုက်ပါ။ အနံလေးကလည်း မွှေး၊ အရသာလေးကလည်းရှိဆိုတော့ သောက်လို့ကောင်းမှာပါ။
၅။ ကဖင်းဓာတ်လျှော့ပါ
အလုပ်လုပ်တဲ့အချိန်မှာ တက်ကြွအောင်ဆိုပြီး ကော်ဖီနဲ့ ဆိုဒါလိုမျိုး ကဖင်းဓာတ်ပါတဲ့အရာတွေ သောက်သုံးတတ်ကြပါတယ်။ ဒါတွေက မကောင်းဘူးလားဆိုတော့ အချိန်အတိုင်းအတာတစ်ခုထိတော့ လူကိုနိုးကြားတက်ကြွစေပါတယ်။ ကြာလာရင်တော့ အစာအိမ်နဲ့အူလမ်ကြောင်းဆိုင်ရာ ရောဂါတွေဖြစ်လာစေပါတယ်။ ကော်ဖီကိုကြိုက်လိုက်လွန်းလို့ မစွန့်လွှတ်နိုင်ရင်တောင် လျှော့သောက်ပေးပါ။
၆။ ခုနှစ်ရက်တစ်ပတ်လုံး အလုပ်မလုပ်ပါနဲ့
လုပ်စရာများတဲ့အခါ ပိတ်ရက်တွေမှာပါ မနားတော့ဘဲ အလုပ်တွေဆက်လုပ်တတ်ကြပါတယ်။ ဒါဟာ တကယ်ကို ဆိုရွားတဲ့အကျင့်တစ်ခုပါ။ ပိတ်ရက်နှစ်ရက်လုံး မနားနိုင်ဘူးဆိုရင်တောင် တစ်ရက်လောက်တော့ အပြည့်အဝအနားယူသင့်ပါတယ်။ ကောင်းကောင်းအနားယူပြီးမှ အလုပ်ပြန်ဝင်တဲ့အခါ လူက လန်ဆန်းတက်ကြွနေတဲ့အတွက် အလုပ်လုပ်လို့ပိုကောင်းနေတာတွေ့ရမှာပါ။
၇။ အစားအသောက် ဂရုစိုက်ပါ
အလုပ်တွေပုံနေတဲ့အခါ အစားအသောက်အတွက် အချိန်မပေးနိုင်တော့ပါဘူး။ ခေါက်ဆွဲပြုတ်၊ ပီဇာတို့လို အမြန်စာတွေနဲ့ပဲ နေ့လည်စာကိုဖြေရှင်းတတ်ကြပါတယ်။ အဲဒီအစားအစာတွေက အရသာရှိတယ်၊ ဗိုက်ပြည့်တယ်ဆိုပေမယ့် အာဟာရဓာတ်နည်းတဲ့အတွက် ကျန်းမာရေးအတွက်မကောင်းပါဘူး။ နေ့လည်စာပြင်ဆင်ဖို့အတွက် ကောင်းကောင်းအချိန်မပေးနိုင်ဘူးဆိုရင်လည်း ကြက်သား၊ ကြက်ဥ၊ ငါး နဲ့ အသီးအရွက် စတာတွေလို အာဟာရဓာတ်များစွာပါဝင်တာတွေကို သေချာပြင်ဆင်ချက်ပြုတ်ပြီးရောင်းတဲ့ အစားအစာတွေကို ဝယ်စားပါ။
၈။ အိပ်ရေးဝဝအိပ်ပါ
ညဘက်ကျ အလုပ်တွေ ဖိလုပ်၊ မိုးလင်းတော့ တော်တော်နဲ့မထတဲ့အကျင့်က မကောင်းပါဘူး။ လူတစ်ယောက်ဟာ တစ်ရက်ကို အနည်းဆုံး ရှစ်နာရီလောက်အိပ်ချိန်ရှိရပါမယ်။ တစ်ချို့လူတွေအတွက် အဲဒီထက်ပိုပြီး လိုအပ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ခန္ဓာကိုယ်အစိတ်အပိုင်းအတွေ အားပြန်ပြည့်ဖို့အတွက် အိပ်ချိန်တော့ပေးရပါမယ်။ အိပ်ချိန်ကို သေချာသတ်မှတ်ထားပါ။ ဒီနေ့ ည ကိုးနာရီအိပ်ရာဝင်တယ်ဆိုရင် နောက်တစ်နေ့လည်း အဲဒီ့အချိန်ရောက်ရင် အိပ်ရာဝင်ဖြစ်အောင်ဝင်ပါ။ နေ့လည်းနေ့ခင်မှာ ၁၅ မိနစ်၊ နာရီဝက်လောက် အိပ်ပေးနိုင်ရင်ပိုကောင်းပါတယ်။
ဘဝကိုအလုပ်နဲ့တည်ဆောက်တာကောင်းပေမယ့် လူတစ်ယောက်ဟာ အလုပ်လုပ်ဖို့အတွက်ပဲ မွေးဖွားလာသလိုဖြစ်နေရင် မကောင်းပါဘူး။ ဘဝမှာ အလုပ်ထက်အရေးကြီးတာတွေအများကြီးရှိပါသေတယ်။ အချိန်ကို သေချာစီမံခန့်ခွဲပြီး သာယာပျော်ရွှင်စွာနဲ့ ဘဝကို ဖြတ်သန်းသွားနိုင်ကြပါစေခင်ဗျာ ...
Comments